Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်တပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်တပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်း ဖွင့်ပွဲကျင်းပ

ရေတာရှည် မေ ၁၄

          ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်တပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်တပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။  ၎င်းနောက် ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့အား သင်တန်းသားများက အလံကိုင်ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ အလေးပြုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် နယ်မြေခံသင်တန်းကျောင်းခန်းမ၌  ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသား (၂၄၁)ဦးတို့နှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသားများအား လူသုံးကုန်နှင့်စားသောက်ဖွယ်ရာ များ ဂုဏ်ပြုပေးအပ်ခဲ့ပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားရိပ်သာ၌ သင်တန်းသားများ နံနက်စာ မုန့်ဟင်းခါး စားသုံးနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး သင်တန်းသားများ၏ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။