Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ဖေဖော်ဝါရီ ၂၅ (ပဲခူး)
===================

ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ ဥဿာကျော်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရသုံးခန့်မှန်းချေငွေစာရင်း အချက်အလက်များ(Citizen’s Budget) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်သူလူထု ဗဟိုပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ သိရှိသုံးစွဲနိုင်ရန်အတွက် အာရှဖောင်ဒေးရှင်းမှ တစ်ဘက်တစ်လမ်းမှ ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းပြည်အခွန်ငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်နေရသဖြင့် ဌာနဆိုင်ရာများကလည်း မှန်မှန်ကန်ကန် အခွန်ငွေများ ကောက်ခံရမည်ဖြစ်သလို ပြည်သူများကလည်း နိုင်ငံကြီးသားပီသစွာ အခွန်ပေးဆောင်ရန် တာဝန်ရှိကြောင်း၊ တိုင်းပြည်အပြောင်းအလဲ အချိန်ကာလတစ်ခုမှာ ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးခြင်းမှစပြီး လမ်း/တံတားနှင့် လျှပ်စစ်မီးများ ရရှိစေရန်၊ နယ်စပ်ဒေသများရှိ မြို့နယ်များအား အခြားပြည်နယ်/ တိုင်းဒေသကြီးတို့နှင့် ချိတ်ဆက်ပေးနိုင်ရန်ကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့အား ဖြတ်သန်းနိုင်မည့် တံတားကြီးများအား တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလုပ်ငန်းတိုင်းကို တိုင်းဒေသကြီးလွှတ်တော်နှင့် ညှိနှိုင်းပြီး ဒေသခံပြည်သူများ၏ လိုလားချက်၊ တိုင်းဒေသကြီး၏ အနာဂတ်တွင် လိုအပ်လာမည့် စီမံကိန်းများကို ဦးစားပေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိသလို၊ တိုင်းပြည်ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် တိုင်းပြည်၏ ယန္တရားတစ်ခုဖြစ်သော ဝန်ထမ်းအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဆောင်လျက်ရှိသလို သင့်တော်ရာ အသိပညာရှင် အတတ်ပညာရှင်များကိုလည်း ကော်မတီ၊ အဖွဲ့အစည်းများတွင် ထည့်သွင်းဖွဲ့စည်းလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၏ ရရှိသည့် ဘဏ္ဍာငွေအပေါ် အရ/အသုံး စာရင်းဇယားများ၊ စီမံကိန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နှစ်အလိုက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ အာရှဖောင်ဒေရှင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား အသီးသီး ပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ အချက်လက်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ  ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများက သိလိုသည်များ မေးမြန်းခဲ့ရာ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြေကြားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသည် ပြည်သူများ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်ပြီး ဒေသလိုအပ်ချက်များကို မိမိတို့ကိုယ်တိုင် ဘတ်ဂျက်ရေးဆွဲနိုင်စေခြင်းဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာစေရန်၊ တိုင်းဒေသကြီးအစိုးရမှ ပြည်သူဗဟိုပြု ဘတ်ဂျက်ရေးဆွဲခြင်းနှင့် မူဝါဒချမှတ်မှုများကို ပွင့်လင်းမြင်သာစွာ သိရှိနားလည် သဘောပေါက်စေရန်၊ စီမံကိန်းလုပ်ငန်းများတွင် ပြည်သူများပါဝင်မှသာ ဒေသနှင့်ကိုက်ညီပြီး အကျိုးရှိသော စီမံကိန်းလုပ်ငန်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်အနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပခဒချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အာရှဖောင်ဒေရှင်းမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။