ပဲခူး ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံ လုံးတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆောင်ရွက်တော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်တွင် ရှေးပြေးတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံပေါ်မူတည်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် အသုံးပြုရမည့် ပုံစံများရရှိပြီဖြစ်၍ စာရင်းကောက်ယူရေး နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ တိရစ္ဆာန်အကောင်ရေစာရင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်း စားရေရိက္ခာ ဖူလုံမှုအတွက် အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်၍ စာရင်းဇယားမှန်ကန်ပြီး သတ်မှတ် ကာလအတွင်း အချိန်မီစာရင်းဇယားကောက်ယူပြီးစီးနိုင်စေရေး အားလုံးကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူးက တိရစ္ဆာန်ကောင်ရေစာရင်း ကောက် ယူရေး အဖွဲ့ ဖွဲ့စည်းခြင်း၊ ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် ကောက်ယူရမည့် စာရင်းပုံစံများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီအဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအတွင်း တိရစ္ဆာန်အကောင်ရေစာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ရပ်ကွက်/ကျေးရွာ များအလိုက် တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူသွားမည့် အစီအမံများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးက စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး အကြံပြုတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းစဉ်တစ်ခုချင်း အလိုက် အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website