သာယာဝတီ ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူ လယ်သမားသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ ခေတ်မီနည်းစနစ်များကို သုံးစွဲမှသာ အထွက်နှုန်းတိုးပြီး လေလွင့်မှုလျော့နည်းသက်သာ မှာဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်မှာ ပန်းတိုင်အထွက်နှု်နး ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး အတွက် ဒေသကြက်၊ ဒေသဝက်၊ ဒေသဆိတ်နှင့် ဒေသနွားများအား တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် အထိ တိုးချဲ့မွေးမြူသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပေါပေါများများ ထွက်ရှိမှ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံပြီး ကုန်စျေးကြီးမြင့်မှုအပေါ် အထိုက်အလျောက် ထိန်းချုပ် နိုင်မှာဖြစ်ကာ ပြည်ပပို့ကုန်လည်း တိုးတက်လာစေနိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ဒေသခံ တောင်သူများအတွက် အမှန်လက်တွေ့ကျပြီး အကျိုးကျေးဇူးကြီးမားသည့် သင်တန်းဖြစ်၍ ကြိုးစား လေ့လာ သင်ယူကြသွားကြရမှာဖြစ်ပြီး ရရှိလာသည့် စိုက်ပျိုးရေး/ မွေးမြူရေးဆိုင်ရာ နည်းပညာနှင့် ဗဟုသုတများအား မိမိတို့ရပ်ရွာရှိ တောင်သူများကို ပြန်လည်ဖြန့်ဝေပေးရန်နှင့် သင်ကြားသည့် နည်းပြများကလည်း တောင်သူများ နားလည်သဘောပေါက်စေနိုင်သည့် သင်ကြားမှုပုံစံများဖြင့် အထူး အလေးထား သင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ တောင်သူလယ်သမား သင်တန်းသား(၅၀)ဦးအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး သင်တန်းတွင် သင်ကြားပြသသွားမည့် စိုက်ပျိုးရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုခဲ့သည်။
အဆိုပါ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅) သင်တန်းတွင် စပါးနှင့် အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ ရေး၊ မျိုးစေ့ရွေးချယ် သိုလှောင်ထိန်းသိမ်းခြင်း နည်းပညာ၊ သီးနှံကာကွယ်ရေးနှင့် ပိုးမွားနှိမ်နင်းခြင်း နည်းပညာ၊ မွေးမြူရေးဘာသာရပ်၊ မြေအသုံးချမှု၊ စိုက်ပျိုးရေးနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများ၏ သိမှတ်ဖွယ်ရာများ၊ မြေပြင်ကွင်းဆင်း လေ့လာခြင်းများအား စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။