ပဲခူး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး နည်းပညာပြပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာသည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် ရရှိလာသည့် စိုက်ပျိုးနည်းပညာများအား ဒေသခံတောင်သူများအား ပြန်လည်ဖြန့်ဝေပေးသွားနိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ကောင်းမွန် ပြည့်စုံစေရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရာသီမရွေး ရေစီးဆင်းနေသည့် မြစ်/ ချောင်းများတွင် သဘာဝရေစီးအားကိုအသုံးပြု၍ ရေတင်စနစ်(Water Wheel) ဖြင့် စပါးနှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိးထုတ်လုပ်နေမှုနှင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲပေးနိုင်ခဲ့မှုကြောင့် နွေစပါးအပါအဝင် အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၇)မျိုး ထွက်လျက်ရှိသည့် အခြေအနေများအား အကျယ်တစ်ဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က စိုက်ပျိုးရေရှိရေး ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် စိုက်ပျိုးရေအား စနစ်တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး တက်ရောက်လာသည့် တောင်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ထုတ်လုပ်ပေးလျက်ရှိသည့် အဆင့်မြင့်ဒေသမျိုးဟင်းသီးဟင်းရွက် မျိုးစေ့များ၊ ကုမ္ပဏီများမှ ခင်းကျင်းပြသ ထားသည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ မျိုးစေ့များနှင့် သွင်းအားစုဆိုင်ခန်းပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဒေသမျိုး ဟင်းသီးဟင်းရွက် သစ်သီဝလံများအား Green House စနစ်ဖြင့် စိုက်ပျိုးထားရှိမှုနှင့် စံပြဟင်းသီး ဟင်းရွက် မျိုးစေ့ထုတ်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။