ပဲခူး အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်သီးနှံ(၁၃)မျိုး ပန်းတိုင်ရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်အချက်(၄)ချက် ဟန်ချက်ညီညီကောင်းမွန်ပြည့်စုံရန် ဖြည့်ဆည်းပေးသွားရမှာဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်နည်းစနစ်များ၊ မျိုးစေ့အဟောင်းများကို အချိန်မီပြောင်းလဲနိုင်ရေးကိုလည်း ဆောင်ရွက်ပေး သွားရမှာ ဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာနှင့် နှမ်းကို သတ်မှတ်ဧကပြည့်မီစေရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်သလို သီးညှပ်စိုက်ဧကလျော့ချပြီး သီးထပ်ဧကတိုးတက် စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နှစ်ရှည်သီးနှံစိုက်ဧကများတွင် ရိုဘက်စတာကော်ဖီနှင့် ကိုကိုးပင်များကို စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပဲပုတ်စိုက်ပျိုးရာတွင် ဆီထွက် ပဲပုတ်ကို ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် အသား/ငါး/ဥ ဖူလုံပိုလျှံစေရေး လအလိုက် သတ်မှတ်မွေးမြူရမည့် စီမံချက်ပါ အတိုင်း အပြည့်အဝမွေးမြူနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံများတွင် ပိုးသတ် ဆေးဓါတ်ကြွင်းကင်းစင်စေရေး အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ဝါးနှင့် ဝါအခြေခံပြီး ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေးနှင့် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း၊ မျိုးစုဆောင်းခြင်းများ ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မိုးသီးနှံစိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှု၊ ဆောင်းသီးနှံ စိုက်ပျိုးမည့်စီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ သီးခြားလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။