Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဒီဇင်ဘာ ၃၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမ္ဘောဇသာဒီနန်းတော် အဝင်မုခ်ဦး တည်ဆောက်နေမှု၊ နန်းတော်အတွင်း Land Scaping Design မြေယာရှုခင်းအလှ တည်ဆောက်နေမှု၊ ကျွန်းတိုင်လုံးဟောင်းဆောင်  ပြန်လည်တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ ပေပင်ကုန်းရိုးအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ကမ်းပြိုမှု ကာကွယ်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၄၉.၅၉)သန်းဖြင့် သဲနုန်းဖော် ခြင်း၊ ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ‌ရိုးချောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ ပဲခူးမြစ်အတွင်းသို့ စီးဝင်သွားသည့် ရေထွက်ပေါက်များ ပြန်လည်စစ်ဆေး သွားရန်နှင့် မဇင်း(၁)လမ်းကူးတံတားအား ပြန်လည်ဆင်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယခင်က မြေနိမ့်ချိုင့်ဝှမ်းဖြစ်နေသည့် သမိန်ဗရမ်း လမ်းအား လမ်းအင်္ဂါရပ်နှင့်အညီ ပြန်လည်ဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၈၀၆.၃၄)သန်းဖြင့် အရှည်ပေ(၁၉၆၈)ပေ၊ အကျယ်(၄၀) ပေ မြေသားတာဘောင်ပြုလုပ်ခြင်း၊ ကွန်ကရစ်ခင်းခြင်းနှင့်  RCC Box Culvert ပြုလုပ်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရပင်များ စိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန် စေရေး ရေမြောင်းများထည့်သွင်းတည်ဆောက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားဝန်း အတွင်း၌ နှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော် ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။