သာယာဝတီ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား လစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ပါအတိုင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး အားပေးမြှင့်တင်သွားရန်နှင့် ရက်(၁၀၀)စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်နှင့် ရပ်ရွာဒေသများအလိုက် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေဒေသလုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနတစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုက်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဇေယျာနိုင်၏ ဖရီရှန်အမျိုးအစား နို့စားနွားကောင်ရေ (၃၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်ပြီး ပြည်ပသွင်းကုန်အစားထိုး ထောပတ်၊ နို့ဆီ၊ နို့စိမ်းတို့အဖြစ် ထုတ်လုပ်ရောင်းချရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန် အစာထုတ်လုပ်မွေးမြူရန်နှင့် ဒေသနွားများအား မျိုးမြှင့်တင်မွေးမြူနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သက်တောရိုးကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်းစပါး တစ်ကွင်းတစ်ဆက်တည်း မျိုးစေ့ထုတ်စံပြ စိုက်ခင်းဧက (၁၀၀) ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ(၁၀၄.၄၅) တင်းနှုန်း ထွက်ရှိခဲ့ကာ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)တို့အား မြို့နယ်အလိုက် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ တိုင်းဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်စိုက်ပျိုးသွားရန်၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် သွင်းအားစုအဖြစ် ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်သုံးသွားစွဲရန်၊ ဩဂဲနစ် စပါးစိုက်ခင်းဇုန်များ တည်ထောင်၍ တန်ဖိုးမြှင့်ပြည်ပပို့ကုန်တစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း ရေဆင်းပေါ်ဆန်းစပါး မျိုးစေ့ထုတ်စိုက်ခင်း စုစုပေါင်း(၅၂၆)ဧကရှိကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website