ပဲခူး ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဩဂုတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧကစိုက်ပျိုးစရိတ်သက်သာစေရေး သဘာဝမြေဩဇာနှင့် ရွက်ဖြန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ အဗျား ဘိုတဲကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက်ဧက(၃၅၀) တန်ဖိုးမြှင့် တောင်ပျံ ပေါ်ဆန်းစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ စုပေါင်းမြေဩဇာကြဲပတ်နေမှုနှင့် သဘာဝကွင်းစာဖြင့် ဥစားဘဲကောင်ရေ (၃၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အဗျားဘိုတဲကျေးရွာ၊ ဘုရားကြီး-မော်လမြိုင် ကားလမ်းဘေးရှိ ဦးသက်နိုင်ဦးနှင့် ဒေါ်ခင်သန်းနုတို့၏ ဒေသထွက် ငါးရံ့ခြောက်ထုတ်လုပ်ရောင်းချသည့် အရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးဂိတ်ရှိ ပို့ကုန်စစ်ဆေးရေးဂိတ်နှင့် သွင်းကုန်စစ်ဆေးရေးဂိတ်များရှိ မော်တော်ယာဉ်များအား ခေတ်မီ x-Ray စက်ကြီးများ၊ Mobile x-Ray စက်များဖြင့် မော်တော်ယာဉ်များစစ်ဆေးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website