ပဲခူး ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ကုန်းသာ ကျေးရွာအုပ်စု၌ ဒေသခံ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် ၂ သီး စိုက်ပျိုးသည့် နေရာများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးရန်၊ မိုးစပါးစိုက်ပျိုးပြီးပါက သီးထပ်သီးနှံအား ဆီထွက်ပဲပုပ်စိုက်ပျိုးရန် စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန်၊ သဘာဝမြေဩဇာအား ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်သုံးစွဲရန် ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်နည်းစနစ်နှင့် စိုက်ပျိုးသီးနှံအလိုက် ပြုစုပျိုးထောင်ခြင်ဆိုင်ရာ နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သီးထပ်စိုက်ပျိုးသီးနှံအဖြစ် ဆီထွက်ပဲပုပ် စိုင်ပျိုးနိုင်ရေး ရေဆင်း ၁၅ ပဲပုပ်မျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကုန်းသာကျေးရွာအုပ်စုရှိ မိုးစပါးအကွက်ကျယ်စံပြကွက် ဧက(၁၀၀) စတင်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကာ တစ်ဧက ပျမ်းမျှအစိုတင်း (၁၂၅)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website