ပဲခူး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၌ ရေဆင်းပေါ်(၁) မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ အစိုတင်း( ၉၅) တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူတိုင်း ဒေသနွားပြန်လည် မွေးမြူနိုင်ရေးနှင့် သဘာဝမြေဩဇာသုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အိုးဘိုကျေးရွာအနီး AI နည်းပညာသုံး ခေတ်မီစိုက်ပျိုးရေး စပါးအထူးဇုံ အကောင်အထည်ဖော်နိုင်ရေး အာကာသအေဂျင်စီမှ Lot Device များတည်ဆောက်တပ်ဆင်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သနပ်ပင် မြို့နယ်၊ ဖရဲကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ်စံပြကွက် မိုးစပါဧက(၄၄၀) စုပေါင်းရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ အစိုတင်း(၁၁၀.၅)တင်း ထွက်ရှိခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မြေအစိုဓါတ်မပျောက်ခင် ဆောင်းသီးနှံအဖြစ် ဆီထွက်ပဲပုတ် ဆက်လက် စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ သနပ်ပင်မြို့နယ်အတွင်း မိုးစပါးစိုက်ခင်းများ အောင်မြင်နေမှုနှင့် ရိတ်သိမ်းနေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် အနီးကိုက်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းနိုင်ဦး၏”ရွှေဆန်းကြယ်” ဥစားကြက် ကောင်ရေ(၁၂၅၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့နယ်၊ ရွာသစ် ရပ်ကွက်၌ တန်ဖိုးမြှင့်ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အယ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မှုမရှိစေ ရေး၊ စဉ်ဆက်မပြတ် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ ဆက်လက်တိုးချဲ့စိုက်ပျိုးရန်နှင့် တားမြစ်ပိုးသတ် ဆေး သုံးစွဲမှုမရှိစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website