Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၂၂

             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် မင်းလှ-မိုးညို လမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်းအလိုက် တစ်ဆက်တစ်ဆက်တည်း အဆင့်မြှင့်တင်နိုင်ရေး နှစ်စဉ်ဘတ်ဂျက်ရေးဆွဲတင်ပြရန် လမ်းညွှန်မှာကြားခဲ့ကာ မင်းလှ-မိုးညိုလမ်း တစ်လျောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် မကျီးကုန်း ကျေးရွာ၌ ဆီထွက်ပဲပုတ် တစ်ကွင်းတစ်ဆက်တည်း ဧက(၄၀၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေအား အကျိုးကျိုးရှိရှိ စနစ်တကျသုံးစွဲရန်၊ သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာသုံးစွဲရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညို-ထိန်တော-လက်ပံတန်း လမ်း ပေါ်ရှိမိုင်တိုင်(၂၀/၃-၂၀/၅)၊ တံတားအမှတ်(၁/၂၁) ထွဋ်မြတ်ချောင်းတံတား ပေ(၉၀၀) မူလသစ်းသား ကြမ်းခင်းအစားC-Channel ကြမ်းခင်းအစားထိုးလဲလှယ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တံတား အပေါ်ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။ ၎င်းနောက်  မိုးညို-ထိန်တော-လက်ပံတန်း လမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ပဲပုတ်၊ ပဲတီစိမ်းနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင်နေမှုကို မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည်ရှုခဲ့စစ်ဆေးခဲ့ပြီး ထိန်တော(အထက)ကျောင်းသို့ ရောက်ရှိခဲ့ရာ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် လက်ပံတန်း မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၌ ဒေသခံတောင်သူများ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး ခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုန်းကုန်းကျေးရွာနှင့် စာနီစုကျေးရွာ ကမ်းပြိုကမ်းမှု အခြေအနေနှင့် ကမ်းထိန်းပန်းတာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုခဲ့ကာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ (တာမိုင် ၈/၁ မှ တာမိုင် ၁၀/၇) အတွင်း ရေတိုက်စား ကမ်းပြိုနေမှုနှင့် ရေဘေး ကာကွယ်ရေးပန်းတာ တည်ဆောက်မည့်နေရာများသို့ စက်လှေဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေးတာများအပြင်၊ ဆည်/တမံများ၏ ကြံ့ခိုင်မှုများအား စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

         ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်း- သာရဝေါ မီးရထားလမ်းပေါ်ရှိ ဇီးဖြူကုန်းဘူတာသို့လည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ တော်လဿကျေးရွာ၊ မြစ်မခမြစ်ကူးတံတားကမ်းကပ်ခုံ ရေတိုက်စားနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-ကြုံလဟာလမ်း ပေါ်၌ မြေသားလမ်းတာဘောင် အရှည်ပေ(၁၀၀၀) လမ်းသားပဲ့ကျမှုပြုပြင်ထားရှိမှုတို့အား ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။