ပဲခူး နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၌ နွေစပါး (၂၂၄၀) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဖြူးချောင်းဆည်ရေသောက်စနစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆည် ရေသောက်စနစ်ဧရိယာအတွင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက် ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးလူမော်၏ Good Brother တန်(၆၀)ကျ ဆန်စက်၌ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier ဖြင့် ပြည်ပပို့ကုန် Export ဆန် ကြိတ်ခွဲနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖြူးမြို့၊ တာခြားရပ်ကွက်ရှိ ဦးမောင်မောင်ဝင်း၏ အသားတိုးဝက်(၄၆)ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုဆုံးရှုံ မဖြစ်ပေါ်စေရေးနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဖြူးမြို့ နှင့်ကျောက်တံခါးမြို့အကြား (ရန်ကုန်-မန္တလေး)လမ်းဟောင်း တစ်လျှောက် လမ်းအဆင့်မြှင့်တင်နေမှုနှင့် ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ပျိုးထားရှိမှုတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website