Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မင်းလှမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မင်းလှမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

ဇွန် ၂၈ (မင်းလှ)
———————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မင်းလှမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့‌ကြောင်းသိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက် ဘူတာလမ်းဆင်းတွင် တည်ဆောက်လျက်ရှိသည့် မြို့ကျက်သရေဆောင်
သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်‌နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်နေသည့် Beyond Way Company Limited တာဝန်ရှိသူမှ ရှင်းလင်းပြသမှုအ‌ပေါ်  ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ မြို့ပတ်လမ်းများအတွင်း အဆင့်မြှင့်လျှပ်စစ်မီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ မြို့မိ/မြို့ဖများ ဈေးသူဈေးသားများ၏ သဘောထားကိုခံယူ၍ တည်ဆောက်မည့် မြို့မမြောက်ဘက်ဈေးအား RC(၂)ထပ်ဈေးအဖြစ် တည်ဆောက်ရန် လျာထားမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိ ဦးသိန်းကျော်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးသီဟဖြိုးတို့က ရုပ်ပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပေါင်းစပ်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ မင်းလှမြို့တွင် လက်ရှိရောင်းချနေသော မြို့မမြောက်ဘက် ဈေးဟောင်းအတွင်းရှိ ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။