Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

စက်တင်ဘာ ၁၃ (ပဲခူး)
————————

ပဲခူးတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားမှုပိုမိုများပြားလာနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးနှင့် တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း ကွင်းဆင်း၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြသည်၊
ရှေးဉီးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေဝါထွန်းဟိုတယ်သို့ သွားရောက်ပြီး လူနာများပိုမိုများပြားလာပါက ယာယီကုသဆောင်များအဖြစ် အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းပြုလုပ်ခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား ကုသပေးလျက်ရှိသည့် ပဲခူးပြည်သူ့ဆေးရုံကြီး၏ Isolation Unit(ကလိ)သို့ သွားရောက်ကြည့်ရှုကာ ပိုးတွေ့လူနာ(၅၁)ဦးအား ကုသစောင့်ရှောက်ပေးနေမှု၊ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား အလှူရှင်များ၏ အစီအစဉ်ဖြင့် အာဟာရကျွေးမွေးနေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့်ရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် အင်းတကော်မြို့ စစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး အဆိုပါဂိတ်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဝင်/ထွက် သွားလာမှုများအား စနစ်တကျ ကန့်သတ်စစ်ဆေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ကာ တာဝန်ကျဝန်ထမ်းများအတွက် Mask များ၊ Hand Gel များအပါအဝင် ကျန်းမာရေး အကာအကွယ်ပစ္စည်းများကို အင်းတကော်မြို့ မြိုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတက္ကသိုလ်အတွင်း ဖွင့်လှစ်ထားသော Facility Quarantine Center သို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာ့လုပ်အားရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအတွက် Mask များ၊ Hand Gel များအပါအဝင် ကျန်းမာရေး အကာအကွယ်ပစ္စည်းများကို ပေးအပ်ခဲ့‌ကြောင်းသိရသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဈေးများ၊ စားသောက်ဆိုင်များ၊ စက်ရုံများအပါအဝင် လူစည်ကားရာ နေရာများတွင် ပြည်သူများအား စည်းကမ်းလိုက်နာစေရန် ပညာပေးဆောင်ရွက်ရန်များ၊ စည်းကမ်း ထိန်းသိမ်းရန်များ၊ တိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ပြည်သူများနှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ တင်ပြမှုအပေါ်မူတည်၍ ဆုံးဖြတ်ပေးရန်များ စသည်တို့ကို ဆွေးနွေးပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ လမ်းညွှန်မှာကြားခဲ့‌မှု့အပေါ် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှု၊ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လတ်တလောရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားလာနိုင်မှု၊ ကူးစက် ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မှုများကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။