Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲဖြူကျေးရွာ လျှပ်စစ်မီးလင်းရေး လမ်း၊ တံတားဖွင့်ပွဲ တက်ရောက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲဖြူကျေးရွာ လျှပ်စစ်မီးလင်းရေး လမ်း၊ တံတားဖွင့်ပွဲ တက်ရောက်

တောင်ငူ နိုဝင်ဘာ ၂၀
=====================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ ပြုလုပ်သော လျှပ်စစ် မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဝင်းတို့က လျှပ်စစ် မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသော ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာ တင်တင်ဝင်း နှင့် ဦးခင်မောင်သန်း တို့က ဒေသဖွံ့ ဖြိုးရေးဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်တိုးတက်လာမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်တို့ထိစပ်နေသည့် သဲဖြူကျေးရွာတွင် လျှပ်စစ်မီးများရရှိ၍ လမ်းပန်းဆက်သွယ်မှုများ ကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ကိစ္စရပ်များတွင် များစွာအဆင်ပြေနိုင်ကြပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်သွာမည်ဖြစ်ရာ ဝိုင်းဝန်းကာ တက်ညီလက်ညီ ဆောင်ရွက်ကြဖို့လိုကြောင်းပြောကြားခဲ့ပြီး သဲဖြူကျေးရွာ ရွာမိရွာဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။