Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တောင်ငူ မေ ၁၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် မေလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ရေနီစက္ကူစက်ရုံ၌ ကောက်ရိုးပျော့ဖတ် စမ်းသပ်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ (၁)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဦးဇေယျာမင်း၏ Light House ကော်ဖီမှုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လာမည့်မိုးရာသီတွင် တိုင်းဒေသကြီး အတွင်း ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)အား ဧက(၁၀၀၀)စိုက်ပျိုးသွားမည်ဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်း များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကာ ကော်ဖီမှုန့်အပြင် ကော်ဖီနှင့် ပတ်သက်၍ အသေးစား စားသုံးကုန်အမယ်သစ်များ ထပ်မံထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ဇရပ်ကြီးကုန်းကျေးရွာအုပ်စုရှိ ဦးဟန်ထူး၏ ဝါးတူစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံအလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း များများရရှိသည့် လုပ်ငန်းဖြစ်၍ အားပေးလျက်ရှိကြောင်း၊ ဝါးတူထုတ်လုပ်ရာတွင် အသုံးပြုသည့် ဝါးများအား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စဉ်ဆက်မပြတ် လုပ်ငန်းများလည်ပတ်နိုင်မည်ဖြစ်ကာ ဝါးစိုက်ပျိုး ခြင်းအား လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၂၀)ရပ်ကွက်ရှိ ဦးစောအယ်ဒို၏ ဒေသကြက်မွေးမြူရေးနှင့် သားပေါက်လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ တိုင်းရင်းကြက်မျိုးကို မျိုးမြှင့်သားစပ်ဖောက်လုပ်ထား၍ အကြီးမြန်ပြီး မွေးမြူရလွယ်ကူကာ စီးပွားဖြစ်မွေးမြူ သင့်၍ မြစိမ်းရောင်ကျေးရွာများတွင် စတင်မွေးမြူနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ မြင်းစာခွက်ကျေးရွာ၌ နွေစပါး စံပြကွက် ကောင်း၊သင့်၊ညံ့ အပိုင်းလိုက်ခွဲ၍ ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှ တင်း(၁၃၀)ကျော် ထွက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးအပြင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးမည့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။