Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၈

===========

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇွန်လ(၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ ကြည်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင်ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနေ့ပွဲစဉ်တွင် အကောင်းဆုံး အားကစားသမားဆု(Man of the Match)ရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ အကောင်းဆုံးနောက်တန်းဆုရရှိသူ၊ အကောင်းဆုံးအလယ်တန်းဆုရရှိသူ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသူ နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ပဲခူးတိုင်းဒေသအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဝန်ကြီးများကလည်းကောင်း၊ တတိယဆုရရှိသော နတ်တလင်းခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော သာယာဝတီခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု(၇)သိန်းကျပ်ကို စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်ဘောလုံးအသင်းအား တစ်ချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမရရှိသော ပဲခူးခရိုင်ဘောလုံးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ချီးမြှင့်ပြီး အားကစား သမားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲအား ထူးချွန်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် ပေါ်ထွက်လာစေရေး၊ မြန်မာ့ဘောလုံး အားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားပြီး ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မေလ(၂၇)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့​ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ အသက်(၂၁)နှစ်အောက် ဘောလုံးအသင်း(၆)သင်း ပါဝင်ကာ အုပ်စု(၂)အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။