Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၁၁ (ပဲခူး)
=========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဖြတ်သန်းဝင်ရောက်သည့် နိုင်ငံသားများရှိ၍ ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါဖြစ်ပွားမှုများသော ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဂိတ်များတွင် စနစ်တကျ ကြီးကြပ်စစ်ဆေးရန်နှင့် လိုအပ်ပါက Facility Quarantine ထားရှိသွားရန်၊ ဆည်/တမံများ ရေသိုလှောင်ထားရှိမှုအခြေအနေများ စစ်ဆေးရန်၊ Covid-19 ကာလအတွင်း အိမ်တွင်းမှု လုပ်ငန်းများအတွက် လိုအပ်သော ထောက်ပံ့ခြင်းများ စနစ်တကျဖြစ်စေရန်နှင့် ယခင်နှစ် ရေကြီးနစ်မြှုပ်မှုများအတွက် ထောက်ပံ့ပေးမည့် အစီအစဉ်များအား သေချာစွာ ဂရုပြုပြီး ဆောင်ရွက်သွားရန်တို့အား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက Covid-19 ကာလအတွင်း ရန်ပုံငွေ စီစဉ်ထားရှိမှု၊ လုံခြုံရေးစီမံချက်အတိုင်း ဆောင်ရွက်နေမှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများ ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ထားရှိမှုတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။