ပဲခူး နိုဝင်ဘာ ၂၈

ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရောက်ရှိလာခဲ့ရာ ဘင်ခရာအဖွဲ့နှင့် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ကရင်ဒုံးယိမ်းအက ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်းလမ်းပိုင်းများတွင် ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းပြီး စိတ်အေး ချမ်းသာစွာဖြင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စတင်၍ ယခုလမ်းကို စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ သွားရာတွင် ဘုရားကြီးမြို့မှ တစ်ဆင့်သွားလာခဲ့ရပြီး ပဲခူးဒေသသည် မိုးများသည့်ဒေသဖြစ်၍ နှစ်စဉ် ပဲခူးမြို့နှင့် ဘုရားကြီးမြို့ကြားကားလမ်းနှင့် ၃၉ မိုင်၊ ဘောနတ်ကြီးတို့တွင် ရေကျော်မှုများရှိခဲ့ကာ ခရီးသည် ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေခဲ့ကြောင်း၊ ယခုအခါ လမ်းသစ်ဖွင့်လှစ်ပေး ခဲ့နိုင်မှုကြောင့် ရေကြီးမည်ဆိုပါကလည်း ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာမှုမရှိ အဆင်ပြေစွာ သွားလာနိုင်တော့မှာဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများကလည်း မိမိတို့ ခရီးသွားလာရာ တွင် ယခုဖွင့်လှစ်ပေးခဲ့သည့် လမ်းမကြီးကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လမ်းမကြီးများဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးမြို့မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ တိုက်ရိုက်ချိတ်ဆက်၍ အချိန်တိုတွင်း စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေး လမ်းဖောက်လုပ်ပေးခဲ့မှုအပေါ် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိ သူများက အဆိုပါလမ်းမသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပါဝင်တီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့များ၊ အကအဖွဲ့များ၊ အိုးစီဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး လမ်းမကြီး တစ်လျှောက် မော်တော်ယာဉ်များ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့တွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၅/၇)မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၂/၆)နှင့်(၃၂/၇)ကြား လသာကုန်း Underpassသို့ ဆက်သွယ်ထားသည့် (၈)မိုင်(၁)ဖာလုံ အရှည်ရှိသော (၂၄)ပေအကျယ် ကွန်ကရစ်လမ်မသစ်ကြီးအား ဖောက်လုပ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website