Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်(၁) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်(၁) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄

          ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ပြီး ပြည်သူကို အကျိုးပြုနေကြသူများဖြစ်သည့်အတွက် ဥပဒေများကို ပိုမိုထိတွေ့သိရှိရန်လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံအေးချမ်းရေးတို့၏ အဓိကအခြေခံအကျဆုံးသည် ပြည်သူများ တည်ဆဲဥပဒေများ ကို သိရှိလေးစားလိုက်နာကြရန်လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် မိမိဌာနအကျိုး၊ မိမိဘူမှုပတ်ဝန်းကျင်အကျိုးနှင့် မိမိနိုင်ငံတော်အကျိုး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်မှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေး နိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ “ဥပဒေ ဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ” ဆိုသည့်အတိုင်း လူသားအားလုံးသည် ဥပဒေနှင့်အညီ နေထိုင်ကြမည်ဆိုပါက နေပျော်ဖွယ်လူမှုအသိုင်းအဝန်းတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုစီးပွား ဘဝများ လုံခြုံစွာ မြှင့်တင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် လုပ်ငန်းခွင်လက်တွေ့လုပ်ငန်းများကို ပိုမို လေ့လာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပြီး ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၍ ယခုကဲ့သို့ဥပဒေ အသိပညာပြန့်ပွားရေး သင်တန်းကျောင်းဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းပို့ချချက်များကို အလေထားမှတ်သားပြီး လက်တွေ့ကျင့်သုံးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် ဥပဒေအရာရှိများက အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် သင်တန်းတွင် သင်ကြားပေးမည့် အသိပညာပေး ဥပဒေစာအုပ် များ၊ Online တွင် ရှာဖွေနိုင်သည့် Myanmar Law Information System လက်တွေ့အသုံးပြုနည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

          အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ် ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့မှ သိမှတ်ဖွယ်ရာများအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်း (၆၂)ဦးအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။