Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး အောက်တိုဘာ ၂၇

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါကူးစက်မှုများကြောင့် ရာသီအလိုက်ပွဲတော်များ ရပ်နားထားခဲ့ သော်လည်း ပြည်သူများ စိတ်အမောပြေစေနိုင်ရေး မဟာသင်္ကြန် ပွဲတော်ကို မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအလိုက် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ယခုအခါမှာလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးရန် စီစဉ်လျက်ရှိပြီး မြို့မိ/မြို့ဖများ ကလည်း မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ပုံရိပ် ထူးခြားကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရ သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တန်ဆောင်တိုင်ကာလအတွင်း လူတစ်သောင်းအား စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ရပ်ကွက်အလိုက် စုပေါင်းပါဝင်လာနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးပုံပျံ လွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျ နေရာချထားသွား ရန် လိုအပ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ရွေ့လျားစက်လှေကားဖွင့်ပွဲ၊ မဟာဘုံကထိန်နှင့် အခြားလှူဒါန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ကြောင်း၊ ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် မြို့မိ/မြို့ဖ များက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။