ပဲခူး ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းရွတ်ဖတ် ပူဇော်ပွဲ၊ အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပဲခူးမြို့၊ ကြခတ်ဝိုင်း စာသင်တိုက် ပဓာနနာယက၊ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော် အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆေးပစ္စည်း အလှူတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် ရွှေမော်ဓေါစေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပဲခူးမြို့၊ သာသနာ့ မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ (အဘိဓဇမဟာရဋ္ဌဂုရု) ဘဒ္ဒန္တသီရိန္ဒ ဆရာတော်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကာ ရတနာသီရိန်ကျောင်းဆရာတော်၊ ဘဒ္ဒန္တဝိနယ အရှင်သူမြတ်က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင် များက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိဆေး ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူပူဇော်ခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဘုရားဖူးလာ ပြည်သူများအား စတုဒီသာဖြင့် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website