Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၈

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးအတွက် ပြည်သူ့လူထု ကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူလူထုအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင် နိုင်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ ကလေးများ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေး ဖြည့်ဆည်းဆောင်ရွက်သွားကြပေး စေလိုကြောင်း ပြောကြားခဲ့သည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ပထမဆုရရှိသော ကျောင်းသား/ ကျောင်းသူများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ တန်ဖိုးသင့်အာဟာရပြည့် ချက်ပြုတ်သရုပ်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုရရှိသော ကျောင်းအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် စာစီစာကုံးနှင့် တန်ဖိုးသင့်အာဟာရပြည့် ချက်ပြုတ်သရုပ်ပြပြိုင်ပွဲတို့တွင် ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

       ယင်းနောက် မူလတန်းကျောင်းသား/ကျောင်းသူလေးများက “ဘဝတွက်တာ ကျောင်းကျန်းမာ” သီချင်း ဖြင့် တေးသရုပ်ဖော်တင်ဆက်ကြခဲ့ရာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် (Video clip)အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးလုံး များ တိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ကြပြီး ခင်းကျင်းပြသထားသည့် အထိမ်းအမှတ် ပြခန်း များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအနေဖြင့် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့မှ အသက်(၅)နှစ်အောက် ကလေးငယ်များ အတွက် တန်ဖိုးသင့်အာဟာရပြည့် အစားအစာချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး မိခင်နှင့်ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက် တက်ရောက်အားပေးခဲ့ပြီး အသက်(၅)နှစ်အောက် ကလေးငယ်များအတွက် တန်ဖိုးသင့်အာဟာရပြည့် အစားအစာကျွေးမွေးခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။