Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၈

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးမူကြို(၁)မှ သမီးငယ်လေးများက “တင့်တင့်တို့အရွယ်”သီချင်းဖြင့် ကပြဖျော်ဖြေပေး ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေးများကို တန်းတူညီမျှမှုနှင့် သာတူညီမျှမိုရှိစေရန် ဖော်ဆောင်ပေးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ရှိသော မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလျက်ရှိပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် ပါဝင်နိုင်မှု အခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိ ကြောင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအတွက် (၂၄)နာရီ Help Line သို့ သတင်းပို့တိုင်ကြားမှု စနစ်အပြင် ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့ သတင်းပေးပို့ တိုင်ကြားနိုင်သည့် စနစ်ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်း အမှတ် ဆောင်ပုဒ်ဖြစ်သည့် “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင် ရွက်ပေး” ဆိုသည့်အတိုင်း အမျိုးသားနှင့် အမျိုးသမီးကြား တရားမျှတမှုနှင့် အခွင့်အရေးရရှိမှု ကွာဟမှုမရှိ စေရေးအတွက် တန်းတူညီမျှမှုနှင့် သာတူညီမျှမှုရှိသော လူ့ဘောင်အသိုက်အဝန်းတစ်ရပ်သို့ ရောက်ရှိစေရေး အားလုံးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့၊ ကမ္ဘောဒီယားနိုင်ငံ၌ ကျင်းပသည့် အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် ဆုပေးပွဲအခမ်းအနားတွင် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိခဲ့သည့် ပြည်မြို့မှ ဒေါ်ကြူကြူသန်းအား ဂုဏ်ပြုလက်မှတ် ချီးမြှင့် ပေးအပ်ခဲ့သည်။

         ယင်းနောက် ရင်ခွင့်မဲ့သူများဆုံဆည်းရာဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသူလေးက “မင်္ဂလာ ရှိသော နေ့သစ်ဆီသို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က သီဆိုဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာတန်ရှိသူများ၊ NGO များက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အမှာစကား video Clip နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် Video Clip ကြည့်ရှုခဲ့ကြပြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။