Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ အမှတ်တရ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ အမှတ်တရ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၂

===================

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နံနက်(၅:၃၀) အချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုခဲ့ ကြသည်။

          ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပဲခူးတိုင်း ဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုအတွက် အမှတ်တရ ဆုတံဆိပ်ချီးမြှင့်ခြင်းနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ၊ အမှတ်(၇၇)ခြေမြန်တပ်မှဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်လွင်လွင်အေးကျော်နှင့် တာဝန်ရှိသူများက ဘွဲ့ထူးဂုဏ်ထူးရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆို၊က၊ရေး၊တီး ဆုရရှိသူများ၊ အားကစားထူးချွန် သူများ၊ နည်းပြများ၊ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဆုရရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအား ဂုဏ်ပြု လက်မှတ် ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး ဖျော်ဖြေကပြတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။