Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၆) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ရှိ ‌ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။

          အခမ်းအနားသို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆေးပဌာန်း ရွတ်ဖတ် ပူဇော်ကြမည့် ဆရာတော်၊ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။

          ထို့နောက် ပဲခူးမြို့၊ ရွှေဂူကျောင်းဆရာတော်၊ ဘဒ္ဒန္တဉာဏိဿရ အရှင်သူမြတ်က မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော် ရွတ်ဆိုပူဇော်ခဲ့ပြီး ရတနာသီရိန်ကျောင်းဆရာတော်၊ ဘဒ္ဒန္တဝိနယ အရှင်သူမြတ်က ပဋ္ဌာန်းဒေသနာတော် နာကြားပူဇော်ရန် သမ္မာဒေဝနတ်ဗြဟ္မာအပေါင်းတို့အား ပင့်ဖိတ်သည်။

          ယင်းနောက် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ကြခတ်ဝိုင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အခမ်းအနားတက်ရောက်လာသူအပေါင်းက ငါးပါးသီလနှင့် ဩဝါဒကထာနာယူဆောက်တည် ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် နှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

        ထို့နောက် ပဲခူးမြို့၊ ရတနာပုံဘုရားကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသ အရှင်သူမြတ်က ပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာနဘာဏက ဥယျောဇနဂါထာ တော်ကို ဖတ်ကြားပူဇော်ကာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်း(ပစ္စယုဒ္ဒေသ)ပါဠိတော်ကို (၃)ခေါက်ရွတ်ဆို၍ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှု စတင်ဖွင့်လှစ်ကြသည်။

          အဆိုပါ (ပဥ္စမအကြိမ်) ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဩဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ဆရာတော်၊ သံဃာတော်အပါး (၁၈)ပါးတို့မှ အလှည့်ကျရွတ်ဖတ် ပူဇော်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။