ပြည် ဩဂုတ် ၂၁

ပြည်မြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီနှင့် ပြည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်သည် MSME လုပ်ငန်းများ အားကောင်းသည့် ခရိုင်တစ်ခုဖြစ်သလို လယ်ယာသုံးစက်ကိရိယာ၊ ဒေသထွက် လူသုံးကုန်နှင့် စားသုံးကုန် အမယ်မျိုးစုံထွက်ရှိပြီး ခရီးသွားလုပ်ငန်း အလာအလာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း နှင့် ပို့ကုန်တိုးမြှင့် ပေးနိုင်ရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ဒေသထွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိ ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မြင့်မားစေရေးအတွက် မိရိုးဖလာ လုပ်ကိုင်မှုမှ ခေတ်မီနည်းပညာများ နှင့် ဆန်းသစ်တီထွင်မှုများ ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်သလို ပုံမှန်ဈေးကွက်ရှာဖွေမှုမှ ဒီဂျစ်တယ် နည်းပညာကို အသုံးချပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေး ကြိုးစားသွားရမှာဖြစ်ကြောင်း၊ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ စိန်ခေါ်မှုများကို ပွင့်လင်း ရင်းနှီးစွာဖြင့် တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပြည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များက ထုတ်ပိုးမှု စက်ပစ္စည်းများ ဝယ်ယူရရှိရေး၊ MSME အမယ်သစ်ထုတ်ကုန်အသစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ချေးငွေရရှိရေးတို့အား အသီးသီးတင်ပြခဲ့ကြရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများက တိုက်ရိုက်ချိတ်ဆက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်ခရိုင် အတွင်းရှိ MSME လုပ်ငန်းရှင် ၁၀၆ ဦးတို့မှ ခင်းကျင်းပသထားသည့် ဒေသထွက်ပစ္စည်းမျိုးစုံ(၃၅၈)ခုတို့ အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ထုတ်ကုန်တစ်ခုချင်းအလိုက် ထုပ်ပိုးမှုစနစ်များ ထပ်မံအဆင့်မြှင့်တင် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website