Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု အားပေး

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု အားပေး

ပြည် ဩဂုတ် ၂၄

===============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာနှင့် မိန်းမရဲကျေးရွာတို့၌ ဆီထွက်သီးနှံ မိုးနေကြာ(စပ်မျိုးနေကြာ-၁)နှင့် (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးနေကြာအပြင် ဆောင်းနေကြာအား အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာ၊ ရာသီဥတုနှင့် ကိုက်ညီသည့် နေရာများရှာဖွေ၍ တိုးချဲ့စိုက်ပျိုး သွားရန်၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေး မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အသိ ပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ တီတွတ် ကျေးရွာအနီး မွေးမြူရေးဇုံ အကောင်အထည်ဖော်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူမည့် တိရစ္ဆာန်အမျိုးအစားလိုက် မြေကွက်နေရာ ချထားပေးမည့်အခြေအနေများ၊ သောက်သုံးရေရရှိရေး ဆောင် ရွက်မည့်အခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းပေးမည့် အခြေအနေများနှင့် လမ်းဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိရစ္ဆာန် အမျိုးအစားအလိုက် မြေအကျယ်အဝန်း စိစစ်ချထားပေးရန်၊ လျှို့ပိတ်တမံတည်ဆောက်မည့် မြေနေရာ အား သေချာစိစစ်ရွေးချယ်ရန်၊ လျှပ်စစ်မီးသွယ်တန်းရာတွင် ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး တစ်ပါတည်း ထည့်သွင်းတွက်ချက်ရန်၊ လမ်းများဖောက်လုပ်ရာတွင် အောက်ခံမြေအမာခံရရှိရေးနှင့် ရေသွင်းရေထုတ်မြောင်းများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြွေရိုးကျေးရွာအုပ်စု၌ ဆီထွက်သီးနှံ အထွက်နှုန်းကောင်း ဗီယက်နမ်မြေပဲ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်း မျိုးသန့် ပြောင်းလဲစိုက်ပျိုးရန်၊ သွင်းအားစုများ စနစ်တကျ သုံးစွဲရန်၊ နိုင်ငံပိုင် မျိုးစေ့ထုတ် သုတေသနမှ မျိုးထုတ်ပေးထားသည့် အထွက်ကောင်းမျိုး စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးနည်းပညာများအား မြေပြင် ကွင်းဆင်း အသိပညာပေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သဲကြဲကြီးကျေးရွာ၌ အထွက် နှုန်းကောင်း ရာကာ(၆၆၆)မျိုး ၂၀၂၃-၂၀၂၄ ခုနှစ် ဝါအထူးဇုန် (၃၈၀)ဧက ပန်းတိုင်အထွက်းနှုန်းရရှိရေး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလာမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကုန်ထုတ်လမ်း ကောင်းမွန်စေရေး၊ စိုက်ပျိုးရေရရှိရေး စက်ရေတွင်း တူးဖော်ပေးရန်၊  ရေ၊ မြေ၊ ရာသီတုဥတုနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးစရိတ်ချေးငွေရရှိနိုင်ရေး၊ နွားမွေးမြူရေး တိုးချဲ့ဆောင်ရွက်ရန် နှင့် (CL-4 )မြောင်းမှ ဆည်ရေတင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပေါက်ခေါင်းမြို့နယ်၊ စောကဲကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၃၀၀)ဖြင့် တည်ဆောက်လျက်ရှိသော  နဝင်းချောင်း ကမ်းပြိုကာကွယ်ရေး ဘိုးပိုင် အခြေပြု ကျောက်စီမြေထိန်းနံရံ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး များအား သတ်မှတ်ထားသည့် စံချိမ်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးတည်ဆောက်သွားရန်နှင့် ထပ်မံ ရေတိုက်စားမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။