Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၉

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြု လုပ်ရာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် တင်ဒါပိုလျှံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် အချိန်ကာလသတ်မှတ်ချက်များ ရှိသဖြင့် အမှန်တကယ်ပြီးစီးနိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများ၊ ဧရိယာများတွင် ကျူးကျော်မှုများ မရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခွန်လွတ်သာသနာ့နယ်မြေများအတွင်း စီးပွားရေးဆိုင်ရာ လူနေ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် Online Zoom Meeting များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ID နှင့် Passcode များအား မသက်ဆိုင်သူများလက်ဝယ် မရောက်ရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားများ လျော့ပေါ့သုံးစွဲနိုင်ရေး LED မီးလုံးများ ပြောင်းလဲတပ်ဆင်အသုံးပြုရန်နှင့် ဓါတ်အားခ ကြွေးကျန်များ၊ စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝ ကောက်ခံရရှိစေရေး မြို့နယ်များအလိုက် ကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအပြင် ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက် တောင်သူ များအား သွင်းအားစုထောက်ပံ့ပေးနိုင်ရေး မြေပြင်စာရင်းများ ကွင်းဆင်းကောက်ယူ၍ စနစ်တကျပြုစုတင်ပြ ပေးရန်နှင့် မြေလွတ်မြေရိုင်းတွင် နှစ်ရှည်ပင်စိုက်ပျိုးနိုင်ရေး လျှောက်ထားသူများအား ခွင့်ပြုပေးရာတွင် နိုင်ငံတော်စီမံချက်ဖြင့်သည့် ဝါးပျိုးရန်ဧကသတ်မှတ်ချက်အား တစ်ပါတည်းထည့်သွင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တို်ငးဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ အေးချမ်းစွာ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်း ကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုး လုပ်ငန်းများကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများက ထပ်မံ ရှင်းလင်းတင်ပြမှုများပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။