Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဩဂုတ် ၂၈

================

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အတူ ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဆရာ/ ဆရာမများအား ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများ ဘာသာရပ်အလိုက် အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သုတေသနနှင့် နည်းပညာပြန့်ပွားနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ တန်ဖိုးလက်ဆွဲနည်းကောက်စိုက်စက်များ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ ပြောင်းလဲ လာသော ရာသီဥတုနှင့်အညီ သက်ကြီးစပါးအစား သက်လျင်အထွက်ကောင်းမျိုးများ ပြောင်းလဲ စိုက်ပျိုးခြင်းစံပြကွက် စုပေါင်းမြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရွှေနံ့သာပေါ်ဆန်းမွှေး မျိုးစပါး ထောက်ပံ့ပေးရန်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုး ရေးအတွက် အဓိကကျသည့် နွားမွေးမြူရေး တိုးချဲ့ဆောင်ရွက်နိုင်ရန် မျိုးချောင်းဖြင့် မျိုးကောင်းမျိုးသန့် သားဆက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကြို့ကုန်းကျေးရွာသည် ယခင်က တစ်နှစ်လျှင် မိုးစပါး(သက်ကြီးစပါး) (၁)သီးသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ရေတံခါး(၃)ခု တည်ဆောက်ပေးခဲ့ခြင်းကြောင့် မိုးစပါး၊ ပဲတီစိမ်း၊ နွေနှမ်း (၃)သီး စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။