Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၉

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်သွားမည်ဟု ထုတ်ပြန်ထား သည့်အတွက် အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းစဉ်များသည် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲရုံစာရင်းများပြုစုခြင်းကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံသည့် လုံခြုံရေးစီမံချက်များလည်း ရေးဆွဲထားရမည်ဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စနစ်တကျ စုဖွဲ့ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိပြီး မြေပြင်တွင် နေထိုင်မှုမရှိသူများစိစစ်ခြင်း၊ သေဆုံးသူများ ပယ်ဖျက်ခြင်း၊ အခြားမြို့နယ်၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ဖြင့် နေထိုင်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)မရှိဘဲ မြေပြင်တွင်နေထိုင်သူများ စိစစ်ခြင်း၊ မွေးဖွားသည့် ရက်/လထပ်နေသူများ စာရင်းစိစစ်ခြင်း၊ မွေးသက္ကရာဇ်မပါသူများ/မပြည့်စုံသူများ စိစစ်ခြင်း၊ နိုင်ငံသားကတ်(၂)ကြိမ်/(၃)ကြိမ် ထပ်နေသူများ စိစစ်ခြင်းနှင့် အသက်(၁၈)နှစ် အထက်၊ (၁၈)အောက် နိုင်ငံသားကတ်မရှိသူများ စိစစ်ခြင်း လုပ်ငန်းဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အိမ်ခြေ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူနိုင်ရေး အဖွဲ့များ ဖွဲ့စည်းထား ရှိမှုနှင့် မဲစာရင်း မှန်ကန်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့မှုပေါ် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းဆောင်ရွက် နိုင်ရေး အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။