Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၀

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်”သီချင်းဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။

          ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုး၍ ရင်ဆိုင်ရမည့် အခက်အခဲများအား ဖြေရှင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုများ၊ စည်းလုံးချစ်ကြည်မှုများ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုများရှိလာ စေရေး လူငယ်ကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ 4 Skills သင်တန်း၊ နည်းပညာနှင့်ပတ်သက်သည့် ကွန်ပျူတာသင်တန်း၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက် ကာယသင်တန်း၊ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးပြီး လိမ္မာယဉ်ကျေးသော လူငယ်များပေါ်ထွန်းလာစေရေး ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ ဂီတအခြေခံ ပန်းပွားအကနှင့် ဘင်ခရာမွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့ ဝါသနာပါရာ ဘာသာရပ်များကို လေ့လာဆည်းပူးသင်ယူခဲ့ပြီးဖြစ်၍ တတ်မြောက်ခဲ့သည့် ဘာသာရပ်များ အလိုက် စဉ်ဆက်မပြတ် လေ့ကျင့်လေ့လာကြိုးစားရင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် သားကောင်းသမီးမွန်များ ဖြစ်ကြစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ယင်းနောက် ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကင်းထောက်သင်္ကေတဖြင့် ဆက်သွယ်ခြင်း၊ တောတွင်းသုံးပစ္စည်းပြုလုပ်ခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းကို လည်းကောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသား/သူများက ကာယပညာအတွဲ(၄)ဖြင့် လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသား/သူများက ပန်းပွားအကဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသား/သူများက (၃၈)ဖြာ မင်္ဂလာကဗျာဖြင့်လည်းကောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသား/သူများက “မေတ္တာဖြန်းမှ လန်းဆန်းမယ်” သီချင်းဖြင့် လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဇနီး၊ တာဝန်ရှိသူများက လူငယ်ကင်းထောက်သင်တန်း နှင့် နွေရာသီလူငယ်သင်တန်း နည်းပြများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်း တက်ရောက်ခဲ့သည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ကင်းထောက်သင်တန်း၌ သင်တန်းသား/သူ (၁၂၀)ဦးဖြင့်လည်းကောင်း၊ ယခုနှစ်မှစတင်၍ နွေရာသီလူငယ်သင်တန်းအား အင်္ဂလိပ်စာ သင်တန်း၌ ကျောင်းသား/သူ(၃၈၀)ဦး၊ ကွန်ပျူတာသင်တန်း၌ ကျောင်းသား/သူ(၈၀)ဦး၊ ယဉ်ကျေးလိမ္မာ သင်တန်း၌ ကျောင်းသား/သူ(၁၅၀)ဦး၊ ကာယပညာသင်တန်း၌ ကျောင်းသား/သူ(၆၀)ဦး၊ ဘင်ခရာနှင့် ပန်းပွား သင်တန်းတို့၌ ကျောင်းသား/သူ(၂၆၉)ဦးတို့အား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။