Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၁၅

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များက (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ငူမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှု၊ (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု့အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် (၂)ယောက်တွဲ ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစား သမား ဆုရရှိသူတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများကို လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ကလည်းကောင်း၊ (၂)ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် တတိယဆုရရှိသော မိုးညိုမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတ ရေးရာဝန်ကြီး ဦးတင်သိန်းကလည်းကောင်း၊ (၂)ယောက်တွဲ ဒုတိယဆုရရှိသော ရွှေတောင်မြို့နယ်အသင်းနှင့် (၃)ယောက်တွဲ ဒုတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ (၂)ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော တောင်ငူမြို့နယ် အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ် များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေ(၆)သိန်းကျပ်၊ (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ငူမြို့နယ် အသင်းအား ပထမဆုဖလားနှင့် ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆု(၇)သိန်းကျပ်တို့အား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုရအသင်းများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား မေလ(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ အုပ်စု(၈)အုပ်စုခွဲ၍ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းတို့က အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။