Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေလ ၂၂

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားအား မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်အတွက် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ့်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဗလငါးတန်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်လာစေရေန် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး အားကစားနည်း အလိုက်  ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက် လာမှာဖြစ်ကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးထူးများ မလွှဲမသွေရရှိနိုင်မှာဖြစ်သည့်တွက် မိဘအုပ်ထိန်းသူများ အနေဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် လူတော်လူကောင်းများဖြစ်လာစေရေး ဆက်လက်၍ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက်အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် အမျိုးသား အားကစားပွဲတော်ကြီးမှာ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်ကြားပေးလိုက်သည့် သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး ဆက်လက်လေ့လာခြင်း၊ စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းများ ဆောင်ရွက်သွားရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်း​ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားနည်းအလိုက် နည်းပြဆရာ/ ဆရာမ(၂၆)ဦးအတွက် ဂုဏ်ပြုငွေကျပ်(၂၆)သိန်း၊ ဘောလုံး၊ Fitness Dance နှင့် ကရာတေဒို အားကစား နည်း(၃)နည်းမှ သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောနှင့် မြန်မာ့သိုင်း အားကစားနည်း (၃)နည်းမှ သင်တန်းသား၊ သင်တန်းသူများလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက တင်းနစ်နှင့် ကြက်တောင် အားကစားနည်း(၂)နည်းမှ သင်းတန်းသား၊ သင်တန်းသူများလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြန်မာ့သိုင်း၊ ​ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့် Fitness Dance စသည့် အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသကစားကြရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီ အဆင့်မြင့်အားကစားသင်တန်းအား ဧပြီလ(၂၂)ရက်နေ့မှ မေလ(၂၁)နေ့အထိ ဘောလုံး၊ Fitness Dance၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် စသည့်အားကစားနည်း(၈)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အားကစားနည်းအလိုက် စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၄၁၂)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။