Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ပဲခူး မတ် ၁၅

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတု ဆေးဝါးများ၊ အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအား အရင်းအမြစ်များ ပျက်စီးဆုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဌာန်းရခြင်းဖြစ်ကြောင်း၊ ယနေ့ လူဦးရေ တိုးတက်များပြား လာသည်နှင့်အမျှ စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုမှုများပြားလာခြင်းနှင့်အတူ သန့်ရှင်းသော စွမ်းအင်ကို အသွင်ကူးပြောင်းသုံးစွဲကြခြင်းဖြင့် စားသုံးကဏ္ဍ မြှင့်တင်ပေးရာရောက်သဖြင့် သန့်ရှင်းသော စွမ်းအင်ပြောင်းလဲသုံးစွဲခြင်းနှင့်အတူ စွမ်းအင်များအလဟသ မဖြစ်စေရေး သုံးစွဲကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ဆက်လက်၍ အခမ်းအနား ဒုတိယအပိုင်းအား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၊ တာဝန်ခံမှ ကုန်ကြမ်းမှကုန်ချောထုတ်လုပ်ခြင်း၊‌ ရောင်းချခြင်း၊ စားသုံးခြင်းဆိုင်ရာကဏ္ဍများတွင် လူ၊ တိရစ္ဆာန်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး သတ်မှတ်ချက် များအား ဆွေးနွေးပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသည့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းရှင်များက သိလိုသည်များမေးမြန်ခဲ့ရာ သက်ဆိုင်ရာတာဝန် ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

          ယင်းနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပ ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကာ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက နိဂုံးချုပ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။