Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့

ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့

ပဲခူး နိုဝင်ဘာ ၁၈

===========

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီ းဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို ကောင်းသည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုမဖြစ်စေဖို့ လူတစ်ဦးချင်း၊တစ်ယောက်ချင်းကိုယ်တိုင်က မိမိတို့ရဲ့အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့်ညီညွတ်သည့် ပုံစံတွေဖြစ်အောင် ပြောင်းလဲနေထိုင်ဖို့ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်နှင့် ပတ်ဝန်းကျင်များ ဖန်တီးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုအားပေးခြင်း၊ ကျန်းမာရေး အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လုပ်ဆောင်ခြင်းတို့ကို အထူး အလေးပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆီးချိုအပါအဝင် မကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းနှင့် ကမ္ဘာ့ဆီးချို၊သွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့မှာ ဆီးချိုရောဂါ ပညာပေးလုပ်ငန်းများကို အဆင့်မြှင့်တင်ကာ အရည်အသွေးပြည့်ဝသည့် အစီအစဉ်များဖြင့် ပြည်သူလူထုကို အသိပညာဖြန့်ဝေပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နိုင်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသည့် ပထမဆုရရှိသောဝေါမြို့နယ်၊ ဒုတိယဆုရရှိသောပေါက်ခေါင်းမြို့နယ်နှင့် တတိယဆုရရှိသော ပြည်မြို့နယ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော လက်ပံတန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှလည်းကောင်း ဆုများပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ဆီးချိုသွေးချိုရောဂါ ကာကွယ် ကုသရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြသထားသော ပြခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှု့ ကြပြီး ကျန်းမာရေးဝန်ထမ်းများမှ ဆီးချိုသွေးချိုရောဂါ စမ်းသပ်စစ်ဆေးပေးကြကြောင်း သတင်းရရှိသည်။