Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကရင်(စကော)တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကရင်(စကော)တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၀

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်(စကော)တိုင်းရင်းသား ဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားအား ဧပြီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အတွင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ခဲ့ပြီးဖြစ်သလို ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ အရည်အသွေးများ အမြဲတမ်းထက်မြတ်စေရေး ယခုလို အဆင့်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကယား၊ ကရင်၊ အရှိုချင်း၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားများစွာ နေထိုင်ကြသည့်အနက် ကရင်(စကော) တိုင်းရင်းသားများဟာ တိုင်းဒေသကြီးအနှံ့အပြားတွင် အခြား တိုင်းရင်းသားများထက် လူဦးရေများပြားစွာ နေထိုင်ကြလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆရာ/ဆရာမများ အားလုံးကို စုစည်းပြီး တစ်နေရာတည်း သင်တန်းပို့ချပေးခြင်းဖြင့် စနစ်တကျ လေ့လာသင်ယူကြရန်နှင့် မိမိတို့မြို့နယ်များသို့ ပြန်လည် ရောက်ရှိချိန်တွင် ကျန်သည့်ဆရာ/ဆရာမများအား ဆင့်ပွားသင်တန်း ပြန်လည်သင်ကြားပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကရင်တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသလို အခြားတိုင်းရင်သား ဘာသာစာပေတိုးတက်ရေးအတွက် လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာ စာပေဖွံ့ဖြိုးတိုးတက်လာ စေရေး ဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်၍ ချစ်ကြည်ရင်းနှီးမှုများ ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကရင်-မြန်မာ အဘိဓါန်စာအုပ်အား သင်တန်းတက်ရောက်နေသည့် သင်ကြားဆရာ/ဆရာများထံ ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ကျေးဇူးတင်အမှာစကား ပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ကရင်တိုင်းရင်းသားသမိုင်းစာအုပ်အား အမှတ်တရ လက်ဆောင်ပေး အပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သင်တန်းတက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် သင်တန်းဆရာ/ဆရာမများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၃၅၀၀၀ဝိ/-)အား တာဝန်ခံဆရာမ တစ်ဦးထံ ပေးအပ်ခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားခဲ့သည်။

          ကရင်(စကော)တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့် မြှင့် မွမ်းမံသင်တန်းအား ဧပြီလ(၁၉)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ သင်တန်းသား ဆရာ/ဆရာမ (၄၂)ဦးအား သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး များနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ်ကာလတစ်လျှောက်လုံး စွမ်းစွမ်းတမံ ကျန်းမာရေးကုသစောင့်ရှောက်မှုပေးခဲ့သော ဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ပံ့ပိုး ဆောင်ရွက်ပေးခဲ့သလို အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း အရေးကြီးလိုအပ် လျက်ရှိသော Oxygen Plants နှင့် ဆက်စပ်ပစ္စည်း များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပြီး အချိန်တိုအတွင်း ကိုဗစ်-၁၉ ရောဂါအား ထိန်းချုပ်ပေးနိုင်ခဲ့သလို ကိုဗစ်၁၉ရောဂါ စတုတ္ထလှိုင်းကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ခံစားနေရသူများအား ကိုယ်ကျိုးမဖက်ဘဲ ကာကွယ်ကုသပေးရင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများကိုလည်း ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည့်အပြင် စေတနာရှင်လူမှုရေး အသင်းအဖွဲ့ များကိုလည်း ထိုက်သင့်သည့် ထောက်ပံ့ဂုဏ်ပြုခြင်းများလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လုပ်ငန်း လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ယာယီတာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လစဉ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဧပြီလကုန် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း ကျန်းမာ ရေးဆိုင်ရာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။