Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၂၅

==================

          ပဲခူးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဧပြီလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အထူးအလေးထားကာ နယ်မြေဒေသ လူမျိုးဘာသာမရွေး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ရှေးယခင်ကတည်းက တိုင်းရင်သားပေါင်းစုံ ချစ်ခင် ရင်းနှီးစွာ စုပေါင်းနေထိုင်ကြပြီး အခြားတိုင်းရင်းသားများထက် ကရင်တိုင်းရင်းသားသည် အများဆုံး နေထိုင်လျက်ကြောင်း၊ တိုင်းရင်းသားများ၏ စာပေ၊ဘာသာစကားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက် ပျက်စေရေးအတွက် ကရင်တိုင်းရင်းသား ဆရာ/ဆရာမ(၄၀၁)ဦး၊ အရှုချင်း(၁၀၀)ဦး၊ ပအိုဝ်း(၃၀)ဦး၊ ရှမ်း(၁၂)ဦးနှင့် မွန်(၂)ဦး တိုင်းရင်းသားလူမျိုးအလိုက် သင်ကြားရေး ဆရာ/ဆရာမ(၅၄၅)ဦးအား ခန့်အပ် ထားနိုင်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်း(၂၂၀)တွင် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား စာပေ၊ဘာသာစကား တိုးတက်မြင့်မားရေးအတွက် ကျောင်းချိန် ပြင်ပ နွေရာသီကာလတွင် သင်ကြားရေးဆရာ/ဆရာမများအား ဘာသာရပ်အလိုက် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဆရာ/ဆရာမများကလည်း ကြိုးစားအားထုတ်သင်ယူပြီး မိမိတို့မြို့နယ် ကျောင်းများမှာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရန်လိုအပ်ကြောင်းနှင့် သင်တန်းအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက် သင်ကြားကြ စေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံကရင်စာပေသင်ရိုးဖြစ်မြောက် ရေးကော်မတီက ရေးဆွဲပြုစုထားသည့် Online Teaching DVD အခွေများအား ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တိုင်းရင်းသားရေးရာဝန်ကြီးက ကရင်တိုင်းရင်းသား ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ က သင်တန်းသားဆရာ/ဆရာမများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။