Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၉

========================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးမြို့ မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် အဘိုး/ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ ကိုလည်းကောင်း၊ ပဲခူးမြို့၊ ဒေသန္တရကျန်းမာရေးဆေးခန်း၌ ပညာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅) နှစ်နှင့် အထက် အဘိုး/ အဘွားတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကာကွယ် ဆေး ထိုးနှံရာတွင် အသက်အရွယ်ကြီးသူများ ပါဝင်သည်ဖြစ်၍ အဘိုး၊ အဘွားများ၏ ကျန်းမာရေး ကို တစ်ပါတည်း စစ်ဆေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာတွင် မှန်ကန် မြန်ဆန်စေရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအတွက် လိုအပ်လာပါက Mask ၊ Face Shield စသည့် ကျန်းမာရေး အကာကွယ်ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးရန်၊ လူစုလူဝေး မဖြစ်စေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သက်ကြီးရွယ်အို အဘိုး/အဘွားများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြစ်ပြီး ကုသိုလ်ရသောလုပ်ငန်းတစ်ခုဖြစ်၍ စေတနာထား လုပ်ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ သတ်မှတ်စုရပ် နေရာများတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အား ဇူလိုင်လ(၂၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်အဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လူ/ယာဉ် စစ်ဆေးရေးဂိတ် (ဝင်းဘော်ဒတ်ဂိတ်) အဆောက်အဦ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးအင်ဂျင်နီယာအား လုပ်ငန်းသုံးပစ္စည်များ အသုံးပြုရာတွင်  သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုရန်နှင့် အခြားလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။