Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၉

===========

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ သြဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ငါးလုပ်ငန်း ကဏ္ဍသည် ပဲခူးတိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အစာဟာရ လိုအပ်ချက် ဖြည့်ဆည်းပေးရာမှာ အခြေခံကျသည့်အပြင် ဝင်ငွေရှာဖွေ ပေးရာမှာလည်း တစ်ဖက်တစ်လမ်းမှ အဓိကကျသည့်နေရာက ပါဝင်နေကြောင်း၊ ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)သည် ငါးစတင် မွေးမြူသည့် အဆင့်မှစတင်ပြီး စားသုံးသူထံ ရောက်ရှိသည့်အဆင့်အထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းမှာ စားသုံးသူတွေကို ဘေးဥပါဒ် အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာ မွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး ရေနေသတ္တဝါများ မွေးမြူထုတ်လုပ်သည့် နေရာမှာလဲ စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် မွေးမြူထုတ်လုပ်သည့်ကျင့်စဉ်ဖြစ်ကြောင်း၊ တစ်နေ့တစ်ခြားတိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည်လည်း စားသုံးသူများကို ဘေးဥပါဒ် အန္တရာယ်မဖြစ်စေဘဲ ထုတ်လုပ်မှသာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထု မှာ ကျန်းမာပြီးအသက်ရှည်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှရရှိသည့် အတွေ့အကြုံများကို လက်ရှိ လုပ်ငန်းခွင်နှင့် ပေါင်းစပ်ကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် ဘေးဥပါဒ်အန္တရာယ် ကင်းစေသော ရေထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းကြဖို့လိုကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်းသိရသည်။

       အဆိုပါသင်တန်းအား သြဂုတ်လ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၂)ရက်တာဖွင့်လှစ် သင်ကြား မည်ဖြစ်ပြီး သင်တန်းသား/သူ (၃၆)ဦးတက်ရောက်ကာ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)အထွေထွေမိတ်ဆက်ခြင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းကိုက်ညီမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အေလ့အထများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သော မိုးလေဝသ အခြေအနေများ၊ ရေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှု၊ အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်း၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု၊ လုပ်ငန်းတည်နေရာ ရွေးချယ်ခြင်း၊ မျိုးစိတ်များရွေးချယ်ခြင်းနှင့် ထိန်းသိမ်းမွေးမြူခြင်း၊ သန့်ရှင်းကျန်းမာခြင်းနှင့် ရောဂါပိုးမွှား ကင်းစင်ခြင်း၊ ဓာတုပစ္စည်းများနှင့် တိရစ္ဆာန်သုံးမွေးမြူရေးဆိုင်ရာဆေးဝါးများ၊ ငါးအစာစီမံခန့်ခွဲမှု ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစီမံခန့်ခွဲမှု၊ မွေးကန်ဖော်ခြင်းနှင့် မွေးကန်ဖော်ပြီးသည့်နောက်ပိုင်း စီမံခန်ခွဲမှုစသည့် အကြောင်းအရာများကို စာတွေ့/လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။