Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၁၀

=======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန် သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံကြရမှာ ဖြစ်သည့်အတွက် ယဉ်ကျေးသိမ့်မွေ့စွာ တစ်ဦးနှင့်တစ်ဦး လေးစားရိုသေရန်၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် နိုင်ငံတော်၏ ဦးတည်ချက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ တိုင်းရင်းသား ညီအစ်ကိုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်တို့က သင်တန်းသား/သင်တန်းသူ(၁၉)ဦးတို့အတွက် ထောက်ပံ့များ ပေးအပ်ခဲ့ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။