Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၅

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးလက်ဒေသနေပြည်သူများနှင့် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေးနှင့် လူမှုဘဝမြင့်မားရေးအတွက် ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရည်ရွယ်ချက်(၇)ရပ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ(၉၅၆၃)ဦး ရှိပြီး စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြဆရာ(၇၁၁)ဦးနှင့် ကြီးကြပ် ဆရာ(၇၄)တို့ဖြင့် အခြေခံ အရေး၊ အဖတ်၊ အတွက် အပြင် လူမှုဘဝလေ့လာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်သံဇာတ်လမ်း များ၊ Mobile Application များစသည့် ခေါင်းစဉ်(၁၃)မျိုး ပူးတွဲသင်ကြားပေးမည်ဖြစ်၍ အခြေခံစာတတ်မြောက်ရေးအပြင် နိုင်ငံ့သားကောင်းဖြစ်ရေးကိုလည်း ဦးတည် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အခြေခံစာတတ် မြောက်ရေး လုပ်ငန်းစဉ်များအား ဧပြီလ(၆)ရက်နေ့မှ မေလ(၁၅)ရက်အထိ တစ်နေ့လျှင် (၃)နာရီဖြင့် ရက်ပေါင်း(၄၀) အချိန်ယူ၍ ဆောင်ရွက်သွားမှာဖြစ်ပြီး မြို့နယ်အဆင့် စာတတ်မြောက်မှုအကဲဖြတ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာလုပ်ငန်းကော်မတီဝင်များကလည်း စာသင်ဝိုင်းများအထိ ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံစာတတ် မြောက်ရေးတွင် ပါဝင်ပတ်သက်ကြသူများအားလုံးက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များကို လျာထားချက်ကျော်လွန်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အခြေခံစာတတ်မြောက် ရေးလုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ကျောင်းပြင်ပ နှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွင်း အခြေခံစာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ နှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အာရှနှင့်ပစိဖိတ်ဒေသယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုအဖွဲ့ရုံး နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်သည့် အခြေခံစာတတ်မြောက်ရေးအထိမ်းအမှတ် “မနီပြုံးနိုင်ပြီ” အသိပညာ Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက်အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဝထကလသ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးမည့် နည်းပြဆရာ/ ဆရာမများ၊ ကြီးကြပ်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။