Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ သံထည်ကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိသော သံရည်ကျိုလုပ်ငန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ သံထည်ကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိသော သံရည်ကျိုလုပ်ငန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး အောက်တိုဘာ ၂

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ်(၂၉)ရှိ ဦးအေးဝင်း၏ သံရည်ကျိုပုံလောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။

          ရှေးဦးစွာ သံရည်ကျိုပုံလောင်းလုပ်ငန်းပိုင်ရှင် ဦးအေးဝင်းက ကုန်ကြမ်းဝယ်ယူမှု၊ သံရည်ကျိုခြင်း၊ ကုန်ချောထုတ်လုပ် ပုံအဆင့်ဆင့်၊ ကုန်ချောသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအား လုပ်ငန်းခွင် အတွင်း လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို မြှင့်တင်ပေးရန်လာရောက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုပေါ်မူတည် လုပ်ကိုင်နေရသည်ကိုသိရှိရ၍ ကုန်ကြမ်းများ ဈေးနှုန်းသက်သာ စွာဖြင့် လွယ်ကူစွာရရှိနိုင်ရေး၊ အချို့ကုန်ချောများသည် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ လစဉ်တင်ပို့ပေးနေရသော်လည်း တစ်ဆင့်ခံဖြစ်နေသဖြင့် ထိုက်သင့်သည့်ဈေးနှုန်းမရရှိ၍ တိုက်ရိုက်ချိတ်ဆက်ပြီး ခိုင်မာသည့်ပြည်ပဈေးကွက်ရရှိစေရေး၊ လုပ်ငန်း တိုးချဲ့နိုင်ရန် မြေနေရာရရှိရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးအပြည့်အဝရရှိရေး သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါသံရည်ကျိုလုပ်ငန်းသည် ၂၀၁၃ ခုနှစ် တွင် နိုင်ငံတော်အဆင့် အလတ်စားစီးပွားရေးလုပ်ငန်း ရှင်ဆုနှင့် ၂၀၁၈ ခုနှစ်တွင် ဒေသဆိုင်ရာထုတ်ကုန် အမျိုးအစားတွင် ဒုတိယဆုရရှိထားပြီး လက်ရှိတွင် မီးဖိုချောင်သုံးပစ္စည်များ၊ မီးဖိုသံဇကာများ၊ လျှပ်စစ်သံဂွေများ၊ ငရုတ်ဆုံများ၊ စက်သီးဘီးများ၊ ချိန်ခွင်အလေး များ၊ သံကျွတ်ဒယ်အိုးများ၊ သံကျွတ်သံပန်းပုံစံအမျိုး (၁၀၀)ကျော်၊ ဆားဗစ်ကန်အဖုံးများ၊ လေဂေါက်များ၊ သဲစုပ်ပန့်၊ ကျောက်စုပ်ပန့်၊ ရွှေစုပ်ပန့်အမျိုးမျိုး၊ သံကျင်တွယ်အမျိုးမျိုး၊ သံနန်းစွဲခြင်း၊ သံတံခါးသုံး ဖလပ်ပြားအမျိုးမျိုး၊ ဓါးသံ၊ တံစဉ်ကြိတ်ပြားများ၊ ရိတ်သိမ်းချွေလှေ့စက်သွားများ၊ အပ်ချုပ်စက်ခြေထောက် များ၊ တရုတ်သွင်းကုန်အစားထိုး မီးသတ်ပိုက်ခေါင်း အထိုင်များ၊ စင်္ကာပူပို့ကုန်အဖြစ် လျှပ်စစ်မီးတိုင် အောက်ခံခုံများ၊ သံကျွတ်မြောင်းဖုံး အမျိုးမျိုး၊ ကိုရီးယားပို့ကုန် ခဲသီးအစားထိုး သံကျွတ် ခဲသီးများအား နေ့စဉ်လုပ်သားဦးရေ (၈၀)ဦးဖြင့် တစ်ရက်လျှင် ကုန်ချော ထုတ်ကုန်(၈)တန်ခန့် ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။