Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါ၊ ပျက်စီးခဲ့သည့် ရေဘေးသင့် ကြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါ၊ ပျက်စီးခဲ့သည့် ရေဘေးသင့် ကြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ငူ စက်တင်ဘာ ၂၈

              တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာ (၂၈)ရက်နေ့၊ နံနက်ပိုင်းက စစ်တောင်းမြစ် ရေကြီး ရေလျှံမှုကြောင့် နေအိမ်မျောပါ၊ ပျက်စီးခဲ့သည့် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင် ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဦးစီးသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အချိန်မီပေါင်းစပ်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရသလို မိမိရဲ့ နေအိမ်များ၊ ပစ္စည်းများ၊ စိုက်ပျိုးထားသည့် လယ်မြေများ၊ စိုက်ပျိုးသီးနှံများအပြင် နိုင်ငံပိုင် လမိး၊ တံတား၊ အဆောက်အဦ၊ လျှပ်စစ်ဓါတ်တိုင်နှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်းကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပုံမှန်မူလလူနေထိုင်မှုသို့ ရောက်ရှိနိုင်ရေး အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ငွေအား၊ ပစ္စည်းအားဖြင့် အသီးသီး ပါဝင်လှူဒါန်းပေးကြသူများအား အထူးကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

              ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးတို့က တောင်ငူခရိုင်အတွင်း မြို့နယ်(၄)မြို့နယ် မျောပါ(လုံးဝ)ပျက်စီး နေအိမ်(၅၈၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၂၀)လုံး အတွက် ထောက်ပံ့ငွေကျပ်(၉၁၃)သိန်းနှင့် အိမ်သုံးပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်း (၁၆)မျိုးပါ Family Kit များထောက်ပံ့ပေးအပ်ခဲ့သည်။

       ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တက်ရောက်လာသည့် အလှူရှင်များ၊ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။