Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်

စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၁

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်စေရန် လိုအပ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရရှိနိုင်သည့် ရေအရင်းအမြစ်အပေါ်မူတည်၍ သီးနှံစိုက်စွမ်းအား တိုးတက်ရေးဆောင်ရွက်ပေးနေသလို တောင်သူများ ကိုလည်း စိုက်ပျိုးရေကို အလေအလွင့်မရှိ အကျိုးရှိရှိ သုံးစွဲနိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ဆောင်းသီးနှှံသည် ဒေသတွင်း ဆီဖူလုံမှုအတွက် အဓိကအထောက်အကူပြုသလို နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် သီးနှံစိုက်ရာသီဖြစ်၍ သတ်မှတ်ဧကပြည့်မီစေရေးနှင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခင်နှစ် မိုးစပါးစိုက်ရာသီတွင် တစ်ဧကလျှင် ပျှမ်းမျှအထွက် တင်း(၇၈.၀၄)တင်းနှုန်းထွက်ရှိခဲ့ပြီး ယခုနှစ် မိုးစပါစိုက်ရာသီတွင် တစ်ဧကလျှင် ပျှမ်းမျှအထွက်တင်း (၈၉.၂၆)တင်း ထွက်ရှိခဲ့သဖြင့် ယခင်နှစ်ကထက် မိုးစပါးတစ်ဧကလျှင်(၁၁.၂၂)တင်းနှုန်း ထွက်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပန်းတိုင်အထွက်နှုန်းအောက် ကျဆင်းခဲ့သည့် ဒေသများရှိ လယ်မြေများတွင် စိုက်နည်းစနစ်၊ မျိုး၊ မြေအမျိုးအစား စသည်တို့ကို စာရင်းကောက်ယူ၍ နောက်နှစ်မိုးစပါးရာသီတွင် လိုအပ်ချက်များအချိန်မီ ပြင်ဆင်နိုင်ရေး အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ စီမံကိန်းသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း မိုးညိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် စိုက်ပျိုးရေးဇုံများ ဖော်ထုတ်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက် ရှိရာ ဈေးကွက်ရရှိရေး၊ ကုန်ထုတ်လမ်းရရှိရေးနှင့် အချိန်မီကုန်စည်စီးဆင်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ များက ပူးပေါင်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရိုဘက်စတာကော်ဖီစိုက်ပျိုးရန် သင့်တော်မှုရှိသော ဒေသများရှိ နှစ်ရည်သီးနှံ၊ သစ်တော/သစ်မာစိုက်ခင်းများတွင် ရောနှောစိုက်ပျိုးနိုင်ရေး မျိုးလိုအပ်ချက်များ အချိန်မီ ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊  စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထား ရှိမှုနှင့် သတ်မှတ်သီးနှှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှု ပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အကြံပြုတင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ခရိုင်/မြို့နယ်များ၏ စိုက်ပျိုးသီးနှံအလိုက် အထွက်နှုန်းများနှင့်ပတ်သက်၍ သုံးသပ်ချက်များဖြင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အသေးစိတ် လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သီးထပ်စွမ်းအား(၆၈.၀၆)ရာခိုင်နှုန်း၊ သီးနှံစိုက် စွမ်းအား(၁၇၁.၅၆)ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးထပ်စွမ်းအား(၈၅.၇၈)ရာခိုင်နှုန်းနှင့် သီးနှံစိုက် စွမ်းအား(၁၈၈.၁၄)ရာခိုင်နှုန်းအထိ တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။