Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၀

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီရောက်ရှိပြီဖြစ်၍ လျာထားဧကအတိုင်း မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာနှင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလို(YAR-14) အထွက်နှုန်းကောင်းမျိုးစပါးအား သက်ဆိုင်ရာမျိုးစေ့ခြံများတွင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးထားပြီးဖြစ်၍ လိုအပ်သည့်မြို့နယ်များအား အချိန်မီဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ ဆီဖူလုံပိုလျှံမှုရှိစေရေး အထွက်ကောင်းသည့်စပ်မျိုးများအား အမှန်တကယ် စိုက်ပျိုးအောင်မြင် နိုင်သည့် မြေနုကျွန်းများတွင် စိုက်ပျိုးရန်လိုအပ်ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယာမြေများတွင် နှမ်းစိုက်ပျိုးနိုင်ရေး အထွက်နှုန်း ကောင်း နှမ်းမျိုးများအား ပြောင်းလဲပေးရန်လိုအပ်ကြောင်း၊ ပဲတီစိမ်းသည် ပန်းတိုင်အထွက်နှုန်း ကျော်လွန် သော်လည်း မတ်ပဲအတွက် လိုအပ်သည့် (ရေဆင်း-၂၊ ရေဆင်း-၃)မျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ မွေးမြူရေးတိရစ္ဆာန် အစားအစာ ထုတ်လုပ်နိုင်ရေး  ပဲအမျိုးမျိုးနှင့် ပြောင်းတိုးချဲ့စိုက်ပျိုးရေး မြို့နယ်အလိုက် စီမံချက်များချမှတ်၍ စနစ်တကျ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ ဝါသီးနှံအတွက် မိရိုးဖလာ စိုက်ပျိုးလျက်ရှိသည့် ဝါအမျိုးအစားမှ အထွက်နှုန်းကောင်းသော (ရာကာ-၆၆၆၊ B-31 ကဲ့သို့သော ချည်မျှင် ရှည်ဝါမျိုးများ) တောင်သူလက်ဝယ်ရရှိစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကြံသီးနှံနှင့် ပတ်သက်၍ အခင်းသစ်များတွင် အထွက်နှုန်းကောင်းသော်လည်း လမိုင်းခင်းများတွင် အထွက်နှုန်း လျော့ကျနေသည့်အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက အထူးအလေးထား ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မျိုးစေ့သန့်စင်စက်များ၊ မျိုးစေ့ သိုလှောင်ရုံများ စနစ်တကျ အဆင့်မြှင့်တင်နိုင်ရေးနှင့် တောင်သူများအတွက် မှန်ကန်သည့်မျိုးကောင်းမျိုးသန့် များအား ဝယ်ယူစိုက်ပျိုးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်မှုရှိ စေရေးအတွက် မိုးရေအား အကျိုးရှိရှိအသုံးချနိုင်ရေး ယခုအချိန်ကတည်းက လိုအပ်သောနေရာများတွင် ချောင်းပိတ်/မြောင်းပိတ်များ စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ Zoom Meeting ဖြင့် တက်ရောက်ကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဒေသအလိုက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အားသာချက်/အားနည်းချက်များနှင့် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးရမည့် အခြေ အနေများအားလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများ ကိုလည်းကောင်း အသီးသီးတင်ပြ ဆွေးနွေး ခဲ့ကြသည်။ ၎င်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ဖြည့်စွက်အကြုံပြုတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။