Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆည်ရေသောက်ဧရိယာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ဆည်ရေသောက်ဧရိယာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၁၅

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ဝန်ကြီးချုပ်မှ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အထွက်တိုး  မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ ထုတ်လုပ်အသုံးပြု နိုင်ရေးနှင့် ရေချိုများ အလေအလွင့်မရှိစေရေး လမ်းညွှန်မှာကြားချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအတွင်း ယခင်က တစ်နှစ်(၁)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၂)သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ်(၂)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတို်ငးဒေသကြီး (အရှေ့ခြမ်း)နှင့် ပဲခူးတို်ငးဒေသကြီး (အနောက်ခြမ်း)တို့တွင် အထွက်တိုးစပါးမျိုးတူ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုး ရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းအသိပညာပေးခြင်းနှင့် မျိုးစပါးရရှိစေရး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေငန်ဝင်ရောက်သည့် ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ရေငန်ဒဏ်ခံနွေစပါးများ စိုက်ပျိုးနိုင်ရေး ယခုအချိန်ကတည်းက ရေငန်ဒဏ်ခံစပါး စံပြကွက်များ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်ဧရိယာများ ရေရရှိနိုင်သောနေရာတိုင်း၌ တစ်နှစ်(၃)သီး အပြည့်အဝစိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးနိုင်သည့် မြေနေရာများ အားလုံး မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာများ ရွေးချယ်၍ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအပြင် နေကြာအား သီးထပ်၊ သီးညှပ်၊ သီးသန့်စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ ဒေသခံတောင်သူ တွက်ချေကိုက်သည့် ဒေသကြက် မွေးမြူရေး လုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး မွေးမြူနိုင်ရေးနှင့် မြို့နယ်အလိုက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် တစ်လလျှင် ကျေးရွာ(၁၀)ရွာ ကွင်းဆင်းရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အသိပညာပေးခြင်းများ ဆက်လက် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ် အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှု စီမံချက်များအား Power Point ဖြင့် အသီးသီးတင်ပြခဲ့ရာ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။