Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆရာတော်ကြီးများ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မသန်စွမ်းသူများ အေးဆေးသက်သာစွာ ဘုရား ဖူးမြော်နိုင်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဓါတ်လှေကား တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့

ဆရာတော်ကြီးများ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မသန်စွမ်းသူများ အေးဆေးသက်သာစွာ ဘုရား ဖူးမြော်နိုင်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဓါတ်လှေကား တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၃

============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်တည်ဆောက်ခဲ့သည့် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစေတီတော်မြတ်ကြီး တောင်ဘက်မုခ် ဓာတ်လှေကားရှေ့တွင် ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း သာသနာတော် စည်ပင်တိုးတက်ပြန့်ပွား စေရေးနှင့် အဓွန့်ရှည်တည်တံ့ ခိုင်င်မြဲစေရေး ပဋိယတ္ထိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ဆား စသည် တို့ကို အစဉ်ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် သာသနာရေးဆိုင်ရာ ကျင်းပသော စာမေးပွဲများ၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ် ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ သက်တော်ကြီးရင့်သည့် ဆရာတော်ကြီးများ၊ သက်ကြီးဘိုးဘွားများ နှင့်မသန်စွမ်းသူ များ အဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ဓာတ်လှေကားတည်ဆောက်ပေးရခြင်းဖြစ် ကြောင်း၊ ဘုရားဖူးလာ ပြည်သူများမှ ဓာတ်လှေကား အသုံးပြုရာမှာလည်း စည်းကမ်းရှိရှိ အသုံးပြုကြရမှာ ဖြစ်သလို စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ပဲခူးသူ/ပဲခူးသား များအားလုံးက ဓာတ်လှေကား ရေရှည် တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်လို‌အပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးမှ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီ တော်မြတ်ကြီး ဓာတ်လှေကားတည်ဆောက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားနှင့် ပတ်သက်သည့် မှတ်တမ်း များအား တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးမှ ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ယင်းနောက် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကား အား တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ် နှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓာတ်လှေကား မော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ဩဝါဒစရိယ ဆရာတော်ကြီးများမှ “ဇယန္တော ဗောဓိယာမူလေ” အောင်ဂါထာရွတ်ဆို၍ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယပိုင်းရေစက်ချအလှူတော်မင်္ဂလာအားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒစရိယ ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သဇ္ဈာယ်တော်မူကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော် များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များကိုယ်စား  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဂေါပကအဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ၎င်းနောက် ကြွရောက်လာသည့် ဩဝါဒဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းအား စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါဓာတ်လှေကားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု စေတနာရှင် ပြည်သူများ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ငွေကျပ်သိန်းပေါင်း(၂၉၆၀) အကုန်အကျခံကာ  အလျား(၇၇)ပေ၊ အမြင့်(၇၃)ပေခွဲ၊ လျောက်လမ်းအကျယ်(၈.၆)ပေရှိ လူ(၁၂) ယောက် အတက်/အဆင်းစီးနိုင်သော HYUNDAI (900KG)ဓာတ်လှေကား အမျိုးအစားဖြစ်သဖြင့် သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်း‌စေတီတော်မြတ်ကြီး သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ ဓာတ်လှေကားအသစ်ဖြင့် စိတ်အေးချမ်းသာ သက်တောင့်သက်သာစွာဖြင့်  အတက်/အဆင်းပြုလုပ် ဖူးမြှော်ကြည်ညိုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမောဓော်စေတီတော်မြတ် ကြီး၏ အနောက်ဘက်မုခ်တွင် ရွေ့လျားစက်လှေကား တည်ဆောက်ရန်၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင်လည်း ဆရာတော်ကြီးများ သက်တောင့်သက်သာဖြင့် အပေါ်ထပ်သို့ တက်နိုင်စေရေး ဓါတ်လှေကားနှင့် လေအေး ပေးစက်များ တပ်ဆင်နို်ငရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။