ပဲခူး နိုဝင်ဘာ ၁၅
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၃)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၁၄) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ မြို့မိ/မြို့ဖတစ်ဦးနှင့် အလှည့်ကျ ဂေါပကအဖွဲ့ဝင်တို့က (၄၃)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ယှဉ်ပြိုင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်းတီးပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတ စင်တော်ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း ရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
နိုဝင်ဘာလ(၁၅)ရက်နေ့၊ အာရုံတက်အချိန်တွင်ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အား လင်္ကျာရစ်သုံးပတ်ပတ်၍ လှည့်လည်ပူဇော်ပြီး ပြိုင်ပွဲဝင်စင်များမှ မသိုးသင်္ကန်းရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများအား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဗုဒ္ဓဘုရား ဆင်းတုတော်များအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရသည်။